September 16, 2009

ဦးပဉ္ဇင်းကျော်ဟိန်း ပဲခူးတွင် တရားမဟောရ



ဦးကိတ္တိသာရ ဘွဲ့အမည်ရ ဦးကျော်ဟိန်း
Wednesday, 16 September 2009 15:42 လွင်ကို

နာမည်ကျော် ရုပ်ရှင်အနုပညာရှင် ဦးကျော်ဟိန်းသည် ဦးကိတ္တိသာရ ဘွဲ့အမည်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်ပြီးနောက် တရားဟောပြောမှုများ ပြုလုပ်နေရာ မကြာသေးခင်က ပိတ်ပင်ခံထားရကြောင်း သိရသည်။

ဦးကိတ္တိသာရသည် ပဲခူးမြို့ရှိ ဦးကိတ္ထိပရဟိတ ကျောင်းတိုက်၌ သီတင်းသုံး၍ တရားဟော ပြောနေခြင်းကို ပဲခူးမြို့ သံဃမဟာနယက အဖွဲ့ မှ တားမြစ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူတဦးက ပြောသည်။

ပဲခူးမြို့ခံ ဆရာတော် တပါးကလည်း “သူက တရားဟောတာ မဟုတ်ဘူး၊ စိတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးတယ် ပြောတယ်၊ သူအဲဒီလို လုပ်တာနဲ့ ပတ်သတ်ပြီး ဆရာတော်ကြီးတွေက မကြိုက်ဘူး”ဟု မိန့်သည်။

ဦးကိတ္တိသာရ အနေဖြင့် တရားဟောပြောရာတွင် အဘိဓမ္မာ၊ ဝိနည်း တို့နှင့် ပတ်သတ်သည့် အကြောင်းအရာ တခုမှ ပါဝင်ခြင်းမရှိဘဲ ၎င်းရုပ်ရှင် သရုပ်ဆောင် သက်တမ်း တလျှောက် လုပ်ဆောင်ခဲ့သော အတွေ့အကြုံ များကိုသာ ပြောကြားခြင်း ဖြစ်သည်ဟု ပဲခူးမြို့ရှိ တရားပွဲ သွားရောက်ခဲ့သူ တဦးက ပြောသည်။

“သူဟောနေတာတွေက ဘုရားအဆို အဆုံးအမတွေ တခုမှမပါဘူး၊ လူပြိန်းတော့ ကြိုက်တာ ပေါ့နော်၊ နားလည်တဲ့ သူတွေက မကြိုက်ဘူး၊ သူပါတဲ့ပွဲဆို နာမည်ကြီး ဆရာတော်တွေက ငြင်းကြတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ဦးပဉ္ဇင်း ဦးကိတ္တိသာရ လူဝတ်လဲသည်ဟူသော သတင်းများထွက်ပေါ်ခဲ့ သော ကြောင့် ဦးပဉ္ဇင်းကြီးအား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ဖူးသည်။

ဦးပဉ္ဇင်းကြီး ဦးကိတ္တိသာရက “ဦးပဉ္ဇင်းကြီးက ထားဝယ်မှာ တရားဆွေးနွေး ခဲ့တယ်၊ အခုပဲ ပြန်ရောက်တယ်၊ ပြီတော့ မနက်ဖြန် မအူပင် ကျုံနတ်တောရွာ ဆိုတဲ့ရွာမှာ သွားဆွေးနွေးမယ်၊ ဦးပဉ္ဖင်း ဆွေးနွေး တာကတော့ ဗုဒ္ဓဘာသာ ဘုရားရှိခိုး အခြေခံ၊ ကလေးတွေက ဘုရားရှိခိုးတဲ့ အခါမှာ ရပ်ပြစ် (၈)ပါးဆိုတာ ဘာလဲ။ ဗျသန တရား (၅) ပါး ဆိုတာ ဘာလဲ၊ အဲဒါတွေ ဆွေးနွေးပါတယ်၊ ကလေးတွေ ဦးစားပေးပါတယ်”ဟု ပြောဆိုခဲ့သည်။

ထိုအချိန်ကတည်းကပင် ၎င်း ဦးပဉ္ဇင်းကျော်ဟိန်း၏ ရဟန်းဘောင်ဝင်၍ တရားပွဲများပြုလုပ်နေခြင်းနှင့် ပတ်သက် ၍ ဝေဖန် ပြောဆိုမှုများ ရှိနေခဲ့သည်။

ထိုကဲ့သို့တရားပွဲများတွင် တရားနာကြားခြင်းထက် ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်းကို မမြင်ဘူး၍လာရောက် ကြည့်ရှုသူများရှိ ကြောင်းလည်း သိရသည်။

ဦးကိတ္တိသာရ ဘွဲ့အမည်ရ ဦးကျော်ဟိန်းသည် ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက် ခရီးစဉ်ဟု အမည်ပေးကာ၂၀၀၇ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ခဲ့သေးသည်။

ဦးကျော်ဟိန်းသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်က စတင်၍ အနုပညာလောကကို ကျောခိုင်းကာ သာသနာ့ ဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။



 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP