February 12, 2010

နှစ်လကျော်ပျောက်ဆုံးနေသည့်ကလေး စစ်တပ်ထဲရောက်နေ

10 February 2010 ဖြိုးကြီး (ရိုးမ ၃)
အသက်မပြည့်သေးသည့် ကလေးတဦး စစ်တပ်ထဲရောက်နေကြောင်း ဦးလေးဖြစ်သူထံ ဖုန်းဆက်မှ သိရသဖြင့် ပြန်ခေါ်ရန်အတွက် မိဘများက လမ်းပြကြယ်အဖွဲ့သို့ အကူညီတောင်းခံထားလျှက်ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့က အလုပ်လုပ်နေစဉ် ပျောက်သွားသည့် မောင်သူဇင်ဦးက ယခုဆန်းပိုင်းတွင် ဦးလေးဖြစ်သူ ကိုအောင်လတ်ထံသို့ ဖုန်းဆက်၍ စစ်သင်တန်းကျောင်း ရောက်နေသည်ဟု ပြောမှ သိရခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

၎င်းပျောက်ဆုံးသွားသည့် အဖြစ်အပျက်ကို ဖခင်ဖြစ်သူ ဦးအောင်ကိုဦးက “ကျနော့်သားက မြောက်ဥက္ကလာက ဝက်ဆီဖက် လုပ်တဲ့ဆီမှာ အလုပ်လုပ်နေတာ၊ ကျနော်က အဲဒီလ ၁၆ ရက်နေ့မှာ သူ့ဆီသွားတော့ မနေ့ကဘဲ အဖေနေမကောင်းလို့ ပြန်ဦးမယ် ပြောသွားတာလို့ အလုပ်ရှင်က ပြောတယ်၊ အဲဒီကနေ ပျောက်သွားတာ” ဟု ပြောသည်။

ယခုလက်ရှိ မောင်သူဇင်ဦးသည် အမှတ်(၅) စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် (၃) တပ်ခွဲ၊ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ရေနီ စစ်သင်တန်း ကျောင်းတွင် ရောက်ရှိနေပြီး သင်တန်းသားအမှတ် (၂၄၅) ဖြစ်သည်။

“ကျနော်က မင်းကို သူတို့ဖမ်းခေါ်သွားတာလား မေးတော့ သူဖုန်းပြောတဲ့အချိန်မှာ သူ့နောက်မှာ တယောက် ယောက်ရှိနေတယ် သူပြောတဲ့ စကားတွေက လွတ်လွတ်လပ်လပ်ပြောတာမရှိဘူး၊ သူ့ကို လာတွေ့ ပါပြောတယ်။ အဲဒီကျမှဘဲ ပြောမယ်လို့ပြောတယ်။ ကိုယ်ပိုင်နံပါတ် ကျပြီ ပြောတယ်၊ (တ/ ၄၂၇၃၄၈ )၊ ဒီလ (၁၃) ရက်နေ့မှာ ကျနော်တို့ သွားတွေ့မယ်” ဟု ဦးလေးဖြစ်သူက ဆက်ပြောသည်။

မောင်သူဇင်ဦးသည် ရန်ကုန်တိုင်း၊ လှည်းကူမြို့နယ် နဘဲပင်ကျေးရွာနေ အဖ ဦးအောင်ကိုဦးနှင့် အမိ ဒေါ်မြင့်မြင့်ရီတို့၏ သားဖြစ်ပြီးမွေးချင်း မောင်နှမ (၅) ဦးတွင် အကြီးဆုံးသားဖြစ်ကာ သတ္တမတန်းနှင့် ကျောင်းထွက်၍ မိသားစုကို အလုပ်လုပ် ပေးနေသူဖြစ်သည်။

ယခင်ဖြစ်ရပ်နှင့်ပတ်သက်၍ ဖခင် ဦးအောင်ကိုဦးက “ကလေးကို ပြန်လိုချင်တယ်။ တပ်ထဲမှာ မထားနိုင်ဘူး၊ ကလေးက အသက်ငယ်တယ်၊ သူ့အမေတွေ အဖွားတွေက တော်တော်ခံစားနေရတယ်။ မိသားစုထံဘဲ ပြန်ရောက်စေချင်တယ်” ဟု ဆက်ပြောသည်။

စစ်အစိုးရ အာဏာပိုင်များက အသက်မပြည့်သည့်ကလေးငယ်များ စစ်တပ်ထဲတွင် မရှိကြောင်းပြောနေသော်လည်း လမ်းပြကြယ် ဦးအေးမြင့်က ၂၀၀၉ ခုနှစ်အတွင်း ၎င်းထံသို့ ရောက်လာသည့် ကလေးစစ်သားအမှုပေါင်း ၁၂၁ မှုရှိကြောင်း ပြောထားသည်။

လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်သည် ယခုနှစ် ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာကယ်ရီတာပီအိုလာနှင့်အဖွဲ့အား တွေ့ဆုံကာ ကလေးစစ်သားနှင့် ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP