February 12, 2010

ကေအန်ယူ တပ်မဟာ (၃) ဒေသမှ ကျေးရွာများကို နအဖတပ်များ မီးရှို့ဖျက်ဆီး

၁၁ ဖေဖေါ်ဝါရီလ ၂၀၁၀ ခုနှစ်။

မြန်မာစစ်တပ်မှ နယ်မြေစိုးမိုးရေးအတွက် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများမှ အိမ်ခြေ (၇၀) ကျော်ကို မီးရှို့ ဖျက်ဆီးလိုက်သည့်အတွက် ရွာသားများ တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအန်ယူက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက “တပ်မဟာ (၃) ညောင်လေးပင်ခရိုင် ကျောက်ကြီး မြို့နယ် ထဲမှာ ဒီလ (၇) ရက်နဲ့ (၉) ရက်က အဲဒီမှာ တာဝန်ကျတဲ့ နအဖတပ်တွေ ဟီဒိုထာရွာက အိမ် (၄၆) လုံးနဲ့ ကတီးမူးရွာက အိမ် (၂၈) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါဖြစ်ရပ်အပြင် ယခုလ (၂) ရက်နေ့က ဖာပွန်ခရိုင် ဗူးသော်မြို့နယ်ရှိ မြန်မာစစ်တပ်စခန်းထိုင်ရာ ကျောက်ညှပ်စခန်းတွင် သံလွင် မြစ်ကြောအတိုင်း သွားလာနေသည့် လှေများကိုလည်း ခြိမ်းခြောက်ရပ်တန့်ခိုင်း၍ ဓားပြဆန်ဆန် ငွေများသိမ်းယူခဲ့ပြီး ရပ်တန့်မပေးသည့်လှေများကို သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ လှေမောင်းသူတဦး ဒဏ်ရာရရှိခဲ့ပြီး ရွာသားတဦးဖြစ်သည့် စောလော်လေထူး သေဆုံးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ရွာများ မီးရှို့ခံရသဖြင့် စာသင်ကျောင်း (၂) ကျောင်းနှင့် ဆေးခန်း (၁) ခု မီးထဲပါသွားပြီး ကလေးငယ်များအပါအ၀င် ရွာသား (၅၀၀) ကျော်သည် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှ ကျောင်းဆရာတဦးက ပြောသည်။

၎င်းက “နအဖတပ်တွေ ကျောက်ကြီးမြို့နယ်ထဲမှာ ဒီနှစ်ဆန်းထဲကနေ စပြီး နယ်မြေစိုးမိုးရေး ထိုးစစ်တွေလုပ်နေတုန်းပဲ။ တပ်စခန်းဆောက်တာတွေ၊
လမ်းပြင်တာတွေ၊ ကြက်ဆူပင်စိုက်တာတွေ ရွာသားတွေကို အတင်းအကျပ်ခိုင်းတယ်။ နွားလှည်းရှိတဲ့ အိမ်ဆိုရင် သူတို့ ကတုတ်ကျင်း ဘန်ကာတွေမှာ သဲအိပ်ထားဖို့အတွက် ချောင်းထဲမှာ သဲသွားသယ်ပေးရတယ်” ဟု ပြောသည်။

ယခင်လ (၁၇) နှင့် (၁၉) ရက်နေ့တို့တွင် ကျောက်ကြီးမြို့နယ်အခြေစိုက် မြန်မာစစ်တပ် ခမရ (၃၆၇) တပ်ရင်းက ခဲဒဲကျေးရွာ အုပ်စုအတွင်း
လှည့်လည်လှုပ်ရှားနေစဉ် ၎င်းတို့အား အတွေ့မခံဘဲ ပုန်းအောင်းနေရာမှ ပစ္စည်းပြန်လာယူသည့် ခဲဒဲရွာသား စောမြကော်ထူးနှင့် တူဝေါ်စိုးရွာသား
စောအဲ့ထူးတို့ကို ရွာထဲတွင် အကြောင်းမဲ့ ပစ်သတ်သည်ဟုလည်း ဒေသတွင်းအခြေစိုက် (Free Burma Ranger –FBR) အဖွဲ့ဝင်တဦးက ပြောသည်။

ယခုနှစ်ဆန်းမှစ၍ ညောင်လေးပင်ခရိုင်အတွင်း စစ်ကွပ်ကဲရေးဌာနချုပ် (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ (၃၆၇) က ကျောက်ကြီးမြို့နယ်နှင့် ခမရ (၃၆၅)၊ (၃၆၉)၊ (၃၇၀) တပ်ရင်းတို့က မုံးမြို့နယ်တွင်လည်းကောင်း စစ်ရေးလှုပ်ရှားပြုများ ပြုလုပ်နေသည်ဟု
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၃) မှ တပ်မှူးတဦးက ပြောသည်။

သူငယ်ချင်းတဦးက အင်တာနက်မှ ပေးပို့ သည်

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP