June 09, 2010

နှစ်နှစ်ကြာ ပျောက်နေသည့် ကျောင်းသား စစ်ထဲရောက်နေမှန်း ယခုမှသိရ

RFA/2010-06-07

၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း မန္တလေးမြို့ကို အသွားမှာ ပျောက် ဆုံးသွားတဲ့ မန္တလေးတိုင်း တောင်သာမြို့နယ် ချောင်းပေါက် ကျေးရွာအုပ်စု အင်းရွာက ဦးဝင်းကို၊ ဒေါ်အုန်းရွှေတို့ရဲ့သား အသက် ၁၆ နှစ်အရွယ် ၉တန်းကျောင်းသား မောင်အောင်ကိုခန့်ဟာ ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရလို့ လာခေါ်ပေးပါလို့ ဦးလေးဖြစ်သူကို အကြောင်းကြားလိုက်တယ်လို့ RFA က သိရှိရပါတယ်။

ကလေးစစ်သား ပပျောက်ရေးကိစ္စများကို မြန်မာစစ်အစိုးရနှင့် ဆွေးနွေးရန် ကလေးများနှင့် လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မီးစ် ရာချစ်ကာ ကူမားရား ဆွာမိ (ဝဲ) သည် ၂၀၀၇ ခုနှစ်၊ ဇွန်လ၊ ၂၇ရက်နေ့က မြန်မာ နိုင်ငံ နေပြည်တော်သို့ သွားရောက်၍ ထိုအချိန်က ယာယီဝန်ကြီးချုပ် (ယခုဝန်ကြီးချုပ်) ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန် (ယာ)နှင့် တွေ့ဆုံစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။

သူ့ရဲ့ ဖခင်ဖြစ်သူက သာသနာ့ဘောင် ရောက်နေပြီး မိခင်ဖြစ်သူကလည်း ကွယ်လွန်သွားတဲ့အတွက် ဦးလေးဖြစ်သူတွေက လိုက်ရှာပေမဲ့ သတင်းအစအနတောင် မရတာကြောင့် လက်လျှော့ထားချိန်မှာ မောင်အောင်ကိုခန့်က အမ်းမြို့ စစ်မြေပြင် အင်ဂျင်နီယာတပ်မှာ သူရောက်နေကြောင်း၊ မနေချင်တော့လို့ လာခေါ်ပါလို့ အကြောင်းကြားလာတယ်လို့ ဦးလေးဖြစ်သူ ဦးဝင်းမြင့်က RFA ကို ပြောပြပါတယ်။

“သူ့အမေက သေသွားတော့ ကလေးက စိတ်ဓာတ်ကျပြီးတော့ မန္တလေးသွားတယ်၊ သူငယ်ချင်းနဲ့ သွားတာဗျာ၊ ညကို သူတို့ ၁၂ နာရီ တချက်လောက်ပေါ့၊ ပေါ်တာပါသွားတယ်၊ ဘယ်ပါသွားတယ်တော့ ကျနော်တို့က အတိအကျ ပြောလို့ မရဘူးဗျာ၊ အဆက် အသွယ်က မရတော့ ကျနော်တို့လည်း ဘယ်လိုမှ ရှာလို့ မရဘူးဗျာ၊ ပြီးခဲ့တဲ့ အရက် ၂၀ လောက်ကမှ အမ်းမြို့ကို ရောက်တယ်၊ တပ်ရင်း ၉၁၉ စစ်မြေပြင် အင်ဂျင်နီယာတပ်လို့ ပြောတယ်၊ အနေအထိုင် အစားအသောက်ကတော့ မိုင်းတွေ ခွဲနေရတာတဲ့၊ ဆင်းရဲတယ်လို့ ပြောတာပေါ့လေ၊ သူ့ကိုလာခေါ်တဲ့၊ ထုတ်နိုင်ရင် ထုတ်ပေးကြပါတဲ့။”

ဒီကိစ္စကို ကလေးစစ်သားအရေး အကူအညီပေးနေတဲ့ လမ်းပြကြယ် လူမှုရေးအဖွဲ့ကို လာရောက် အကူအညီတောင်းတဲ့အတွက် အထောက်အထားတွေနဲ့အတူ မကြာခင် အိုင်အယ်လ်အိုကို တိုင်တန်းမဲ့အကြောင်း လမ်းပြကြယ်အဖွဲ့ရဲ့ ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်က ပြောပြပါတယ်။

“မောင်အောင်ကိုခန့်ရဲ့ ကျောင်း ထောက်ခံစာရှိတယ်၊ အသက်ထောက်ခံစာတွေလည်း အပြည့်အစုံနဲ့ ကျနော်တို့ က ဒီနေ့ပဲ ရိုက်ပြီးတော့ အိုင်အယ်လ်အိုကို တင်ပေးမယ်၊ ကလေးစစ်သားတွေကို အကူအညီပေးတဲ့ ဒီလိုဟာ ပြန်ထုတ်ပေးပါတယ်ဆိုတောင်မှ အခု နှစ်လ သုံးလ ကြာနေတာတော့ ကျနော်တို့ စိတ်ထဲမှာ မဖြောင့်ဘူး၊ ဖေဖော်ဝါရီလလောက်က လျှောက်ခဲ့တဲ့၊ လူတွေ အခုမှ ပြန်ရကြတယ်။”

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP