June 09, 2010

ILO နဲ့ဆက်သွယ်သူ ဦးသက်ဝေ နတ်မောက်ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ကြိုးစား

RFA/ 2010-Jun-06

၂၀၀၆ ခုနှစ်က နတ်မောက်မြို့နယ် ရွာမွန်အုပ်စု မျက်ရဲကန်၊ ကျောင်းရွာလေးနဲ့ တောင်ဇောက်ရွာက တောင်သူတွေပိုင်တဲ့ လယ်မြေတွေကို ပင်မ စစ်လက်နက်တပ်က အဓမ္မသိမ်းပြီး ကြက်ဆူပင်တွေ စိုက်ခဲ့တာနဲ့ပတ်သက်လို့ အိုင်အယ်လ်အိုနဲ့ ဆက်သွယ်သူများ ကွန်ယက်အဖွဲ့က စမ်းချောင်း မြို့နယ် အဲန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေဟာ ဇွန်လ ၄ ရက်နေ့က တောင်သူ တွေနဲ့ သွားရောက် တွေ့ဆုံတဲ့အချိန်မှာ နတ်မောက်ရဲက နှောက်ယှက် ဟန့်တားခဲ့တယ်လို့ သိရပါတယ်။

ဦးသက်ဝေ၊၊ ။“သူတို့ရဲ့ ကြုံတွေ့နေတဲ့ အခက်အခဲ အခြေအနေတွေ အားလုံးကို အိုင်အယ်လ်အိုကို တင်ပြနိုင်ဖို့အတွက် သွားပြီးတော့ ဆောင်ရွက်တဲ့ကိစ္စမှာ နတ်မောက်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကပေါ့ဗျာ။ ညဘက် ၁၀ နာရီလောက်မှာ ရယက ကလည်း ဧည့်စာရင်း မပေးဘူးပေါ့ဗျာ။ ရယကရဲ့ သတင်းပေးမှုကြောင့် မသင်္ကာဘူး ဆိုပြီးတော့ ကျနော်တို့ကို ဟန့်တားနှောင့်ယှက်မှုတွေ လုပ်တယ်ပေါ့ဗျာ။ ရဲစခန်းကို ခေါ်ပြီး စစ်ဆေးမယ်ဆိုပြီး ဖမ်းဆီးတယ်ပေါ့။ ဖမ်းဆီးတဲ့ ကိစ္စကလည်း ဥပဒေနဲ့အညီ ဖမ်းဆီးတာ မဟုတ်ဘူး။ ဖမ်းဝရမ်းလည်း မပါဘူးဗျာ။ မပါတဲ့အတွက် ကျနော်တို့ လိုက်မသွားဘူး။ အဲ့ဒီတော့ ကျနော်တို့ကို မနက်ကို လာခဲ့ပါဆိုပြီး ချိန်းဆိုတယ်။ ဥပဒေနဲ့အညီ ခေါ်ဆောင်တာ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ မသွားဘူး၊ တွေ့လည်း မတွေ့ခဲ့ဘူးပေါ့ဗျာ။ မတွေ့ပဲနဲ့ ကျနော်တို့ ရန်ကုန်ကို ပြန်လာခဲ့တာပါ”

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်အိုနဲ့ မြန်မာစစ်အစိုးရ ချုပ်ဆိုတဲ့ နားလည်မှုစာချွန်လွှာ အပိုဒ် (၃) မှာ အိုင်အယ်အိုကို တိုင်ကြားထားတဲ့ အဓမ္မလုပ်အားပေးမှု၊ လယ်မြေသိမ်းမှု စတဲ့ကိစ္စတွေမှာ သတင်း အချက်အလက် အပြည့်အစုံ ရနိုင်ဖို့ အိုင်အယ်လ်အိုရဲ့ ကိုယ်စားလှယ်က အချက်အလက် ရယူ စုဆောင်းတဲ့အခါ နှောက်ယှက် ဟန့်တားခြင်းမပြုပဲ အကူအညီ ပေးဘို့ ဆိုတဲ့အချက် ပါတယ်လို့ ဆိုပါတယ်။ အခုလို ဟန့်တားနှောက်ယှက်တာဟာ ဒီအချက်တွေကို စစ်အစိုးရ ကိုယ်တိုင် အခွင့်အရေး ချိုးဖေါက်တာဖြစ်ကြောင်းလည်း ဦးသက်ဝေက ဆက်ပြောပါတယ်။

အဲ့ဒီ အပိုဒ် (၃) အရ ကျနော်တို့ လျှို့ဝှက်စွာနဲ့ သတင်း အချက်အလက်တွေကို ရယူပြီးတော့ အိုင်အယ်လ်အို အရာရှိထံကို တင်ပြဖို့ ကျနော်တို့မှာ ရှိတယ်။ ဒီကိစ္စမှာ နတ်မောက်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က နေပြီးတော့ အနှောင့်အယှက် ပေးတယ်။ ကျနော်တို့ရဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်တဲ့ အခြေအနေမျိုး ရှိတယ်။ ဒါက ဘာကိုပြလည်းဆိုတော့ အပိုဒ် (၉) ကို ချိုးဖောက်ရာကျတယ်လို့ ကျနော် ပြောချင်တယ်ပေါ့ဗျာ။ (အိမ်ရှင်) မသီသီဝင်းနဲ့ တောင်သူလယ်သမားတွေကို ခြိမ်းခြောက်နေမှာ၊ နှောင့်ယှက်ဟန့်တားနေမှာကို ကျနော် စိုးရိမ်နေတယ်

မနေ့ကတော့ လယ်သိမ်းခံထားရတဲ့ နတ်မောက်မြို့နယ် ကျေးရွာသုံးရွာက တောင်သူတွေရဲ့ လယ်မြေတွေကို ပင်မ စစ်လက်နက် တပ်က တဧက ၁၂ ကျပ်နှုန်းနဲ့ အလျော်ပေးမှာ ဖြစ်တဲ့အကြောင်း လက်မှတ်ထိုးဖို့ တာဝန်ရှိသူတွေက တောင်သူတွေကို ခေါ်တွေ့တယ်လို့ ဦးသက်ဝေက ဆက်ပြောပါတယ်။

“ကျေးရွာ သုံးရွာက တောင်သူလယ်သမားတွေကို ဒီပင်မ စစ်လက်နက် ပစ္စည်းတပ်ကနေပြီးတော့ လျော်ကြေး ပေးပါ့မယ် ဆိုပြီးတော့ တဧကကို ၁၂ ကျပ်နှုန်းနဲ့ ပေးပါမယ်လို့ ခြိမ်းဆိုထားတာကို သိရတယ်။ တဧက ၁၂ ကျပ် ဆိုတာက အခုကာလ ပေါက်ဈေးနဲ့ဆိုရင်တော့ အင်မတန်မှ ကွာခြားလွန်းတဲ့အတွက် ဒီ တောင်သူလယ်သမားတွေအတွက် နစ်နာပါတယ်။ ၂၀၀၅၊ ၂၀၀၆ က သိမ်းခဲ့သည့်တိုင်အောင်မှဗျာ၊ သူတို့ အခြားသူတွေကို တဧက သုံးသောင်းခွဲနဲ့ လယ်ငှားချထားခဲ့တယ်ဗျာ။ အခု လာသိမ်း သွားရင် တသက်လုံး သိမ်းယူသွားမှာက တဧက ၁၂ ကျပ်ပဲ ဆိုတာက တရားမျှတမှု မရှိဘူးလို့ တောင်သူလယ်သမားတွေက ကျနော့်ကို တင်ပြကြတယ်ပေါ့ဗျာ။ အဲ့ဒီက အချက်အလက်တွေကို ဒီနေ့ အိုင်အယ်လ်အို အစည်းအဝေးမှာ တက်ရောက်နေတဲ့ မစ္စတာ စတိဗ်မာရှယ်လ်ဆီကို ကျနော်တို့ ဒီအခြေအနေတွေ အားလုံးကို ကျနော်တို့ တင်ပြသွားမှာပါ”

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP