RFA/ 2010-06-06
မြန်မာစစ်အစိုးရဟာ အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေကို ဆက်လက်ကျူးလွန် နေတယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ဌာနချုပ်မှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲမှာ ကျွမ်းကျင်သူ အရာရှိတွေက သတိပေး ပြောကြားလိုက်ပါတယ်၊၊
ILO အဖွဲ့ရဲ့ ၉၉ ကြိမ်မြောက် နှစ်ပတ်လည်ဆွေးနွေးပွဲကို ဂျီနီဗာမြို့မှာ ဇွန်လ (၂) ရက်ကနေ (၁၈) ရက်နေ့အထိ ရက်သတ္တ သုံးပတ်ကြာ ကျင်းပနေပြီး မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၃ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက် နေကြပါတယ်၊၊
ဆွေးနွေးပွဲမှာ ILO အရာရှိတွေက ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၂၈ နှစ်အကြား ချမှတ်ခံထားရတဲ့ လူငယ် ၆ ဦးကို လွှတ်ပေးဖို့ကိုလည်း စစ်အစိုးရကို တောင်းဆိုလိုက်ကြပါတယ်၊၊ ကိုသူရိန်အောင်၊ ကိုကျော်ကျော်၊ ကိုဝေလင်း၊ ကိုညီညီဇော်၊ ကိုကျော်ဝင်းနဲ့ ကိုမျိုးမင်းတို့ လူငယ် ၆ ဦးဟာ ၂၀၀၇ ခုနှစ် မေလ (၁) ရက်နေ့က ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ကျင်းပတဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ အတွက် စစ်အစိုးရက ဖမ်းဆီးပြီးနောက် လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကတည်းက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်၊၊
မြန်မာနိုင်ငံအတွင်း တချို့နေရာတွေမှာ အရပ်သား အာဏာပိုင်တွေရဲ့ အဓမ္မ ခိုင်းစေမှုတွေ လျော့နည်းလာတာ ရှိပေမယ့် စစ်တပ်က ခိုင်းစေမှု အပိုင်းမှာတော့ ပြောင်းလဲတိုးတက်လာတာ မရှိသေးဘူးလို့ အစည်းအဝေး တက်ရောက်နေတဲ့ ရန်ကုန်မြို့ ILO ရုံး တာဝန်ခံအရာရှိ Steve Marshall က ပြောပါတယ်၊၊
မြန်မာနိုင်ငံရဲ့ အဓမ္မခိုင်းစေမှု ကိစ္စအပြင်၊ ဥပဒေတွေ ပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်းထူထောင်ခွင့် ရှိရေးကိစ္စတွေကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ အကျယ်တဝင့် ဆွေးနွေးဖို့ရှိတယ်လို့ ဒီဆွေးနွေးပွဲ တက်ရောက်နေတဲ့ FTUB မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်၊၊
အခုကျင်းပနေတဲ့ အိုင်အယ်အို ဆွေးနွေးပွဲမှာ မြန်မာစစ်အစိုးရဘက်က ILO အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အားရစရာ မရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက ထောက်ပြ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါတယ်၊၊
ILO ဆွေးနွေးပွဲ တက်ရောက်နေတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်၊၊
http://www.rfa.org/burmese/news/ILO_targets_Burma_military_forced_labor-06062010112006.html/B0606KYA
June 09, 2010
စစ်အစိုးရရဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှု ILO ဝေဖန်သတိပေး
Labels:
လူ့အခွင့်အရေးသတင်း