February 28, 2011

ကရင်ကျေးရွာအိမ်(၉)လုံးကို မြန်မာစစ်တပ်မှမီးတင်ရှို့

ဆူးပန်း၊ ကောင်းဝါသတင်းဌာန
တပို့တွဲလဆုတ် ၆ရက်။ဖေဖေါ်ဝါရီ ၂၄၊၂၀၁၁။

ဆူးပန်း။ ။ ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသဘက်ရှိ ကရင်ကျေးရွာတစ်ရွာကို မြန်မာစစ်တပ်မှ မီးတင်ရှို့ လိုက်သည်ဟု ကေအာန်ယူအရာရှိတစ်ယောက်မှပြောပါသည်။

အဆိုပါလူပေါတက်ကျေးရွာသည် ကေအာန်ယူ နှင့် ဒီကေဘီအေခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာဒီမိုကရက်တစ်တပ်မတော်တို့ အခြေပြုနေသော ကျေးရွာ ဖြစ်သည်ဟုဆိုသည်။
ရွာကိုမီးတင်ရှို့သည့်ဖြစ်စဉ်ကို ဒေသခံကေအာန်ယူအရာရှိတစ်ယောက်မှ ယခုလိုပြောပါ သည်။ “သေဘောဘိုးအောက်ပိုင်းပေါ့။

ဖလူးကဆင်းလာတဲ့အောက်ပိုင်းမှာ အဲဒီမှာ လူပေါတက်ဆိုတဲ့ရွာကို နအဖတပ်တွေက ဒီမွန်းလွှဲတစ်နာရီအချိန်မှာ မီးရှို့လိုက်တယ်။ အိမ်(၈)လုံးနဲ့တဲတစ်လုံးမီးလောင်သွားတယ်။ ရွာသားတွေတော့ထွက်ပြေးနေကုန်ပြီး။”

စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာသားများသည် နီးစပ်ရာဆွေမျိုးများအိမ် တောင်ယာခြံ၊တဲများတွင် ပုန်းအောင်းနေနေရပြီး အိမ်မပြန်ရဲကြသေးဟု တိမ်းရှောင်လာသည့် လူပေါတက် ရွာသားတစ်ဦးမှပြောပါသည်။

ယခုအခါဖလူးဒေသဘက်တွင် အရင်က ဗျူဟာတစ်ခုနှင့် တိုင်းတပ်၊တပ်ရင်းတစ်ရင်းသာ အခြေချထိုင် နေသော်လည်း အခုအခါ ကေအာန်ယူနှင့် ဒီကေဘီအေတို့အပေါ် ထိုးစစ်ဆင်ရန်အတွက် စကခ(၈) စကခ(၁၂) စကခ(၅) တပ်မ(၂၂) စကခ(၁၉)အပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းတပ်များကိုလည်း အင်အားတိုးချ ထားပါသည်။

ထို့အပြင် စစ်ဆင်ရေးအတွက် ပေါ်တာအထမ်းသမားတွေကို အသုံးပြုများ ရှိနေသည်ဟု အဆိုပါ ကေအာန်ယူအရာရှိတစ်ဦးမှပြောပါသည်။ “စစ်ဆင်ရေးမှာတော့ ပေါ်တာတွေအများကြီးသုံးထားတာပေါ့။ ထွက်ပြေးလာတာအများကြီးပေါ့။

ကေအာန်ယူဘက်ကို ထွက်ပြေးလာတာ။ တချို့တောင်မှအဖွဲ့အစည်းမှာမရောက်ဘူး။ ဒီလမ်းခုလတ်မှာဘဲ ကြုံရာအလုပ်လိုက် လုပ်ပြီးတော့ နေ့စားအလုပ်လိုက်လုပ်နေရတယ်။”

ယခုလိုပြည်တွင်းစစ်ကာလတွင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေများလာခြင်းကြောင့် ပြည်သူများ အတိ ဒုက္ခ ရောက်နေရသည်ဟု လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)၏ ဒါရိုက်တာကိုအောင်မျိုးမင်းမှ ယခုလို ပြောပါသည်။

“ပြီးခဲ့တဲ့ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြားနာပွဲမှာ မြန်မာနိုင်ငံမှကိုယ်စားလှယ် ဦးထွန်းခင်ကနေ ပြောသွားတာကတော့ မြန်မာပြည်မှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ရတဲ့အခြေအနေမျိုး တစ်ခါမှမရောက်ဘူး သေးသလို စစ်တပ်အနေနဲ့လည်း ပြည်သူလူထုအပေါ်မှာအကြမ်းဖက်တာတွေ အမျိုးသမီးအပေါ်မှာ လိင်စော်ကား တဲ့အကြောင်းအရာနဲ့ပက်သက်ပြီးတော့ လုံးဝသီးညည်းမခံနိုင်တဲ့ပေါ်လစီရှိပါတယ် ဆိုပြီးတော့ နိုင်ငံတကာမှာ တင်ပြသွားပါတယ်။”

အခုကြားရတဲ့သတင်းတွေအတိုင်းဆိုရင် ကျွန်တော်တို့ ပြည်တွင်းစစ်ဆိုပြီးတော့ ဖြစ်နေရတဲ့ အခြေအနေ ရှိယုံတင်မကဘဲ အရပ်သားအပြစ်မဲ့တဲ့ရွာသူရွာသားတွေကို လူ့အခွင့်အရေးချိုးဖေါက်မှု များစွာဖြစ်နေတာ ဒါကလက်တွေ့မှာဖြစ်နေတာဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံတကာမှာဘယ်လောက်ထိအော်နေအော်နေ ကျွန်တော် တို့မြန်မာပြည်တွင်းမှာရှိတဲ့ ပြည်တွင်းစစ်ရဲ့ဆိုးကျိုးကြောင့် ပြည်သူလူထုတွေဘဲ ဆက်ပြီးတော့ဒုက္ခရောက်နေတာ တကယ်ကိုမဖြစ်သင့်တဲ့အခြေအနေဘဲဖြစ်တယ်။”

လက်ရှိအခြေအနေတွင် မြန်မာစစ်အစိုးရတပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ထိုးစစ်ဆင်ရာတွင် ပေါ်တာဝန်ထမ်းဖမ်းခြင်း အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း ကျေးရွာကိုမီးရှို့ခြင်း အမျိုးသမီးများကို လိင်ပိုင်းစော်ကားခြင်းများရှိနေဆဲဟု လူ့အခွင့်အရေးပညာပေးဌာနမှ စစ်တမ်းထုတ်ပြန်ထား မှုများ ရှိနေသည်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP