July 30, 2009

လုံခြုံရေးကောင်စီမှာ အမျိုးသမီးများအရေး အစီရင်ခံစာတင်

လက်နက်ကိုင်ပဋိပက္ခတွေအကြားက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်တာတွေနဲ့ ပတ်သက်ပြီး ၂၀၀၈ ခုနှစ် လုံခြုံရေးကောင်စီ ဆုံးဖြတ်အပေါ် လိုက်နာဆောင်ရွက်မှု လေ့လာချက် အစီရင်ခံစာကို ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်က လုံခြုံရေးကောင်စီကို တင်သွင်းတယ်လို့ သိရပါတယ်။

ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံက အစိုးရတပ်ဖွဲ့ဝင်တွေက နယ်စပ်ဒေသက တိုင်းရင်းသား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေအပေါ် တင်းတင်းကျပ်ကျပ် အရေးယူတာ မရှိကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီအစီရင်ခံစာဟာ ၂၀၀၈ ခုနှစ် ဇွန်က ဆုံးဖြတ်ခဲ့တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်အမှတ် ၁၈၂၀ အပေါ် ကျုးလွန်သူနိုင်ငံတွေက အရေးယူဆောင်ရွက်မှု ရှိမရှိ လေ့လာထားတာ ဖြစ်ပါတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အချက် ၄ ချက် ဖော်ပြထားပါတယ်။ မြန်မာအာဏာပိုင်တွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အရေးယူဖို့ ပျက်ကွက်နေကြောင်း ဖော်ပြတာနဲ့ ပတ်သက်လို့ ထိုင်းအခြေစိုက် မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် WLB က အထွေထွေ အတွင်းရေးမှူး မလွယ်အေးနှောင်းက ဒါဟာ အဖြစ်မှန်တွေပါလို့ ပြောပါတယ်။

မလွယ်အေးနှောင်း။ ။ “ခု သူတို့ တင်လိုက်တဲ့ သူတို့ရဲ့ သုံးသပ်ချက်ကတော့ ဒါ အသစ်အဆန်း ဟုတ်မနေဘူးပေါ့နော်၊ ကျွန်မတို့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ နှောင့်ယှက်စော်ကားမှုတွေ၊ အတင်းအဓမ္မ ပြုကျင့်ခံရမှုတွေ ရှိနေပေမဲ့လည်း အဲဒီဟာ ဖြစ်ပြီဆိုလို့ရှိရင် ဘယ်နေရာမှာမှ ကျွန်မတို့တွေက ဒီအမျိုးသမီးတွေကော အမျိုးသမီးတွေရဲ့ မိဘ အသိုင်းအဝိုင်းကကော သွားပြီးတော့ တင်ပြလို့ မရဘူး။ တရားစွဲဆိုလို့ မရဘူး။ တရားစွဲလို့ရှိရင် သူတို့ပါ ပြန်ပြီး အမှုပတ်နေရတဲ့ ဟာမျိုးတွေ အဲလို အခြေအနေမျိုးတွေ ရှိတယ်။ အကယ်၍ တချို့အခြေအနေတွေမှာ ဆိုလို့ရှိရင် တရားစွဲပေမဲ့လည်း အရေးမယူပဲနဲ့ နေနေတဲ့ ဟာမျိုးတွေ ဖြစ်နေတဲ့ အခြေအနေမှာ ရှိနေတာပေါ့နော်။ ဆိုတော့ ဒီ သုံးသပ်ချက်က ကျွန်မတို့ WLB အနေနဲ့ဆိုရင် ဒါ မှန်ကန်တယ်ပေါ့နော်။ တကယ်လည်း ရှိနေတယ်၊ ဖြစ်နေတယ်။ အဲဒီထက် အခြေအနေ ဆိုးနေတဲ့ ဟာတွေလည်း အများကြီး ဖြစ်နေသေးတာပေါ့နော်၊ မြန်မာပြည်မှာ။”

ကုလသမဂ္ဂအနေနဲ့ ဒီကိစ္စတွေအပေါ် အရေးတယူ ဆွေးနွေးနေပေမဲ့ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး ယန္တရား ပြောင်းလဲမှု မရှိသေးသရွေ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကတော့ ရှိနေဆဲဖြစ်သလို ရှိနေဦးမှာပါပဲလို့လည်း မလွယ်အေးနှောင်းက ပြောပါတယ်။

မလွယ်အေးနှောင်း။ ။ “လုံခြုံရေးကောင်စီက ဒီဆုံးဖြတ်ချက်အမှတ် ၁၈၂၀ပေါ့နော်၊ ပြီးခဲ့တဲ့နှစ် ၂၀၀၈ ခုနှစ် ဇွန်လ ၁၉ရက်နေ့မှာ ချမှတ်လိုက်တော့ ဒါကတော့ အထူးသဖြင့် ဒီကျူးလွန်မှုတွေ ဖြစ်နေတယ်ဆိုလို့ရှိရင် အမျိုးသမီးတယောက်က မုဒိန်းကျင့်ခံရတယ်၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားခံနေရတယ် ဆိုလို့ရှိရင် အဲဒီ စော်ကားတဲ့လူ၊ အဲဒီ အပြစ်ကို ကျူးလွန်တဲ့လူဟာ အရေးယူ ခံရမယ်ဆိုတဲ့ဟာမျိုး ဖြစ်တာပေါ့နော်။ ဆိုတော့ မြန်မာပြည်မှာကတော့ လက်ရှိအခြေအနေမှာ ဒီ စနစ်ဆိုးကြီးအောက် ဒီ စစ်အာဏာရှင်ကြီး အောက်မှာတော့ အဲဒီလိုမျိုး အရေးယူမှုတွေလည်း ရှိမနေဘူးပေါ့နော်။”

ဒါကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်လိုက်တဲ့ လက်နက်ကိုင်ပဋိပက္ခများကြားက အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး မလွယ်အေးနှောင်းဖြေကြားသွားတာပါ။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP